ဘုန်းမောက်ပွဲအတွက် သူ့မှာ ကစားသမား ၁၄ ယောက်လောက်ပဲ ရှိတယ်လို့ ငြီးတွားလာတဲ့ ပိုချက်တီနို

နည်းပြပိုချက်တီနိုက ဒီအပတ် တနင်္ဂနွေနေ့ ဘုန်းမောက်ကို ရင်ဆိုင်ရမယ့် ပွဲအတွက် သူ့မှာ ရွေးချယ်စရာ ကစားသမား နည်းပါးလွန်းနေကြောင်း ထုတ်ပြောလာပါတယ်။

ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၄၀၀ ကျော် သုံးထားပေမယ့်လို့ ချယ်ဆီးအသင်းမှာ ဒဏ်ရာပြဿနာတွေ အများအပြား ပေါ်ပေါက်နေတာပါ။ နိုင်ငံတကာ သီတင်းပတ်မှာတော့ ဆောက်သမ်တန်ကနေ ပေါင် ၅၈ သန်း အကုန်အကျခံ ခေါ်ယူထားတဲ့ လာဗီယာကလည်း ဒဏ်ရာရသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲမှာ ၁ ပွဲပဲ အနိုင်ရထားတဲ့နောက် နည်းပြပိုချက်တီနိုဟာ ဖိအားတစ်ချို့ကို ရင်ဆိုင်နေရပါတယ်။

” အခြေအနေအရ လာဗီယာ ဒဏ်ရာ ပြဿနာမရှိခဲ့ရင် ကျနော်တို့အတွက် ပိုကောင်းမှာပါ။ ဘာလို့လဲဆိုတော့ ကျနော်တို့အသင်းမှာ ကစားသမား ၁၁ ဦး၊ ၁၂ ဦးလောက်က ဒဏ်ရာရနေပါတယ်။ အဲ့တာက ကျနော်တို့ လူစာရင်း အခြေအနေကို ဖော်ပြနေပါတယ်။

ကျနော်မှာ ကစားသမား ၁၄-၁၅ ဦးလောက်ပဲ ရှိတယ်။ ကစားသမားတွေ ကြံခိုင်မှု ပြန်ကောင်းလာပြီး ပွဲထွက်နေရာ ယှဉ်ပြိုင်လာတာက ကျနော်တို့အတွက် အရေးကြီးပါလိမ့်မယ် ‘ လို့ ဘုန်းမောက်ပွဲကြိုမှာ ပိုချက်တီနိုက ဆိုခဲ့တာပါ။

ရလဒ်တွေမကောင်း ဖြစ်နေပေမယ့် ချယ်ဆီးလိုအသင်းဟာ ဥရောပပြိုင်ပွဲမှာ အမြဲတမ်း ရှိနေရမယ့် အသင်းဖြစ်ကြောင်း နားလည်ထားပါတယ်လို့ ပိုချက်တီနိုက ဝန်ခံသွားသေးတာ ဖြစ်ပါတယ်။