
ချယ်ဆီး ဂိုးသမားဟောင်း ဘီဂိုဗစ်က သူ့အသင်းဟောင်းရဲ့ အပြောင်းအရွှေ့ ပေါ်လစီကို ပြစ်တင်လိုက်ပြီး ကိုင်ဆီဒိုကို ခေါ်ယူတာက မှားယွင်းခြင်းလို့ ကင်ပွန်းတပ်ခဲ့ပါတယ်။
ဒီနွေမှာတုန်းက ချယ်ဆီးတာဝန်ရှိသူတွေဟာ ကွင်းလယ်မှာ အန်ဇိုနဲ့ တွဲဘက်ပေးဖို့ လူသစ် ရှာဖွေနေခဲ့တာပါ။ ၎င်းတို့ဟာ ချယ်ဆီးနဲ့ ကာလရှည် သတင်းကြီးတွေ ထွက်ထားတဲ့ ဒီကလန်ရိုက်စ်ကို ဆက်လက် ကြိုးစားခြင်း မရှိဘဲ အာဆင်နယ်ထံ ပြောင်းဖို့ လွယ်လွယ်ကူကူပဲ ဘေးထွက်ထိုင်နေခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် အင်္ဂလန်သားဟာ ပရီးမီးယားလိဂ်ရဲ့ အထာကို အသားကျနေပြီး အသင်း လူစာရင်းကို စုစည်းဖို့ဆိုရင် ကိုင်ဆီဒိုထက် ပိုပြီးပြည့်စုံသူလို့ ဘီဂိုဗစ်က မြင်ပါတယ်။
ဘီဂိုဗစ်က ‘ ကိုင်ဆီဒိုအတွက် ပေါင် ၁၁၅ သန်း သုံးနိုင်ရင် ဒီကလန်ရိုက်စ်အတွက်လည်း ပေါင် သန်း ၁၂၀ လောက် သုံးနိုင်မှာပဲပေါ့။ မဟုတ်ဘူးလား?
ဒီကလန်ရိုက်စ်အကြောင်း ကျနော် သေချာမသိပါဘူး။ သူ အာဆင်နယ်အတွက် မကစားပေးချင်ဘူးလို့ ကျနော် မပြောနိုင်ဘူး ဒါပေမယ့် သူ့ရဲ့ နှလုံးသားထဲမှာ ရှိပြီး သူပြောင်းချင်နေခဲ့တဲ့ အသင်းက ချယ်ဆီးပါ။ ဒီကလန်ရိုက်စ် ဘယ်လိုလုပ်ပြီး ချယ်ဆီး မဟုတ်တဲ့ အသင်းထံ ပြောင်းခွင့်ရသွားတာလဲလို့ တွေးမိတယ်။
အတိတ်မှာတုန်းက ကစားသမားတွေဟာ သူတို့ရဲ့ အကောင်းဆုံး အချိန်မှာ ချယ်ဆီးထံ ပြောင်းလာလိုကြတယ်။ ဒီကလန်ရိုက်စ်ကလည်း အကောင်းဆုံး အချိန်မှာ ရှိနေတာပါ ’ လို့ ထုတ်ပြောခဲ့တာပါ။
ဘီဂိုဗစ်က ကုန်ခဲ့တဲ့ ၁၂ လအတွင်း ချယ်ဆီးအသင်းရဲ့ လူသစ်ခေါ်ယူမှု ပုံစံတွေကို သူနားမလည်နိုင်ဘူးလို့ ထုတ်ပြောခဲ့ပြီး တကယ်တမ်းမှာ စတမ်းဖိုဒ့်ဘရစ်ကလပ်ဟာ အသွင်ကူးပြောင်း ကာလဖြင့် ပြန်တည်ဆောက်ရမှာ မဟုတ်ဘဲ ဆုဖလားအတွက် တိုက်ရိုက် စိန်ခေါ်နိုင်ရမှာပါလို့ မှတ်ချက်ပေးခဲ့ပါတယ်။