ပရီးမီးယားလိဂ် လူစာရင်း တင်ရာမှာ ချယ်ဆီးအသင်း မေ့ကျန်နေခဲ့တဲ့ ကစားသမား

ချယ်ဆီးဟာ ပရီးမီးယားလိဂ်ထံ ဒီရာသီအတွက် ကစားသမား ၂၀ ဦး တင်ခဲ့ရာမှာ အသင်းသား တစ်ဦးကို မေ့လျော့ပြီး ချန်ရစ်ခဲ့တယ်လို့ မှတ်ချက်ပေးခံနေရပါတယ်။

ကိုင်ဆီဒို၊ ဂျက်ဆန်၊ အန်ကူကူလို ကစားသမားတွေကို ပထမလူစာရင်းမှာ တင်ခဲ့တာဖြစ်ပြီး ချူဝူမီကာ၊ ဂတ်စ်တို၊ လာဗီယာ၊ မက်ဆန်၊ မာဒူကီ၊ ကိုးလ် ပါးမား၊ လယ်ဗီ ကိုးဝဲလ်၊ Ugockukwu တို့ကို ယူ-၂၁ အောက် အသင်းသားတွေအဖြစ် ထည့်သွင်းသွားပါတယ်။

သို့ပေမယ်လို့ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ရရှိနေတဲ့ အသက် ၂၄ နှစ်အရွယ် နောက်ခံလူ မာလန်းဆားကတော့ လူစာရင်းထဲ ပါဝင်လာခဲ့ခြင်း မရှိပါဘူး။

လူတန်တောင်းနှင့် ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက ပိုချက်တီနိုကို လူစာရင်းထဲမှာ မပါဝင်တဲ့ မာလန်းဆားနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။

ပိုချက်တီနိုက “မာလန်းဆားက ဘယ်သူလဲ?” လို့ အံ့ဩစွာ ပြန်မေးခဲ့တယ်။ သတင်းထောက်က မနှစ်က အငှားနဲ့ သွားကစားခဲ့တဲ့ မာလန်းဆား ဖြစ်ကြောင်း တုန့်ပြန်ခဲ့ပြီး ရာသီကြိုမှာ ပါခဲ့တဲ့ ဂျေမီကမ်မင် အကြောင်းလည်း ထပ်မေးခဲ့ပါတယ်။

ပိုချက်တီနိုကတော့ သတင်းထောက်ရဲ့ မေးခွန်းကို မာလန်းဆားနဲ့ ဂျေမီကမ်မင်တို့နဲ့ ပတ်သက်ပြီး ဘာပြန်ဖြေပေးရမလဲ မသိတော့ဘူး လို့ တုန့်ပြန်သွားတာပါ။

မာလန်းဆားဟာ ဒီလထဲမှာ တူရကီလိဂ်ထံ ပြောင်းရွှေ့ခွင့်ရနေဆဲဖြစ်ကာ ဒီကနေ့ကတော့ အဆိုပါလိဂ်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်ပဲ ဖြစ်ပါတယ်။