
ယူရို ၂၀၂၄ ခြေစစ်ပွဲတွေမှာ မန်ယူခံစစ်မှူး မက်ဂွဲရားကို နေရာဆက်ပေးဖို့ နည်းပြဆောက်ဂိတ် ရွေးချယ်ခြင်းဟာ အင်္ဂလန် မျိုးဆက်သစ်တွေရဲ့ တက်လှမ်းကို ပိတ်ဆို့မှုအဖြစ် ဝေဖန်မှုတွေ ရှိလာနေပါတယ်။
အင်္ဂလန်ခံစစ်မှာ ချယ်ဆီး အကယ်ဒမီထွက်တွေဖြစ်တဲ့ ဂူဟီ၊ တိုမိုရီအပြင် ချယ်ဆီးကြယ်ပွင့် ကိုဝဲလ်လို လူငယ်ခြေတက်တွေ ရှိနေတာပါ။ ဒါပေမယ့်လို့ နည်းပြ ဆောက်ဂိတ်က ခြေစွမ်း တည်ငြိမ်မှု မရှိတဲ့ မက်ဂွဲရားကို ဆက်ပြီး နေရာပေးဖို့ ခေါင်းမာနေတာ ဖြစ်ပါတယ်။
အင်္ဂလန်နဲ့ မန်ယူ ဂန္တဝင် ခံစစ်မှူးဟောင်း ရီယို ဖာဒီနန်ကတော့ ကိုဝဲလ်၊ တိုမိုရီတို့ လက်ရွေးစင် အသင်းမှာ အရွေးခံရလျက်နဲ့ ကစားခွင့် တစက်မှ မရခဲ့တာက ၄င်းတို့ရဲ့ ယုံကြည်မှုတွေကို ရိုက်ချိုးပစ်သလိုပါပဲလို့ သုံးသပ်ခဲ့ပါတယ်။
ဖာဒီနန်ကတော့ မက်ဂွဲရားဟာ မန်ယူအသင်းမှာ တော်ရုံမကစားရပေမယ့် အင်္ဂလန်မှာတော့ ဂါရတ် ဆောက်ဂိတ်ကြောင့် ကစားခွင့် ရနေတာကို ကျေးဇူးတင်နေမှာဖြစ်ကြောင်းနဲ့ ဘယ်သူကမှ သူ့လို ခံစစ်မှူးကို ဒီလိုမျိုး နေရာပေးမှာ မဟုတ်ပါဘူးလို့ သူ့အမြင်ကို ပြောဆိုခဲ့တယ်။
တိုမိုရီ၊ ကိုဝဲလ်၊ ဂူဟီအပြင် ဘရိုက်တန် အသင်းခေါင်းဆောင် ဒန့်ခ်တို့ကို နေရာမပေးဘဲ မက်ဂွဲရားကိုပဲ ရှေ့တန်းတင်နေတဲ့ နည်းပြဆောက်ဂိတ်ဟာ သူ့ရဲ့ ခံစစ်သမားလေးတွေ ဘယ်လောက်တောင်လဲ မသိရှာကြောင်းနဲ့ ဒါဟာ အင်္ဂလန်အသင်းရဲ့ အကြီးမားဆုံး ပြဿနာ တရပ်လို့ သရဲနီဟောင်းက ဝေဖန်သွားခဲ့ပါတယ်။