
ရာသီကြိုမှာ ဒူးဒဏ်ရာရသွားတဲ့ ချယ်ဆီး တိုက်စစ်သမား အန်ကွန်းကူဟာ မျှော်လင့်ထားတာထက် ပိုကြာကြာ အနားယူရမှာဖြစ်ကာ ၃ လကနေ ၄ လထိ ကစားနိုင်ဖွယ် မရှိဘူးလို့ သိရပါတယ်။
ကာရေဂါနဲ့ နဗီးတို့က ချယ်ဆီးဟာ မနှစ်ကထက် ပိုကောင်းတဲ့ နည်းပြကို ရထားပေမယ့်လို့ ပရီးမီးယားလိဂ် စိန်ခေါ်နိုင်ဖွယ် မရှိဘူးလို့ ထင်မြင်နေကြပါတယ်။
ချယ်ဆီး အသင်းဟာ ပီအက်စ်ဂျီ ကြယ်ပွင့်တွေ ဖြစ်တဲ့ နေမာ၊ အမ်ဘာပေ တို့နဲ့ သတင်း ထွက်နေပေမယ့် ချယ်ဆီး သတင်းအရင်းအမြစ်တွေကတော့ နှစ်ယောက်လုံးကို ခေါ်မှာ မဟုတ်ဘူးလို့ ငြင်းဆန်ထားပါတယ်။
ချယ်ဆီး နောက်ခံလူဟောင်း မာဆယ် ဒက်ဆယ်လီကတော့ ပြီးခဲ့တဲ့ ရာသီတုန်းက အဆင့် ၁၂သာ ရခဲ့သလို ၊ ရာသီသစ် မတိုင်မီ ခေါင်းအစ ခြေအဆုံး ပြုပြင်ပြောင်းလဲမှု များစွာ ပြုလုပ်ထားတဲ့ သူ့အသင်းဟောင်း ချယ်ဆီး ဟာ လာမယ့် ရာသီသစ်မှာ Top 4 တန်းဝင်နိုင်ဖို့ စောသေးကြောင်း၊ အချိန်ယူရဦးမှာ ဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။
ဘရိုက်တန်ကွင်းလယ်လူ ကိုင်ဆီဒိုဟာ ချယ်ဆီးအသင်းထံ အပြောင်းအရွှေ့ကို စောင့်ဆိုင်းနေသလို တနင်္လာနေ့က အသင်းလေ့ကျင့်ရေးကို ပျက်ကွက်ခဲ့ပြီး သူ့ပစ္စည်းတွေ ထုပ်ပြီး သိမ်းဆည်းထားပြီ လို့ သိရပါတယ်။
Opta အချက်အလက် ပြုစုရေးအဖွဲ့ရဲ့ စူပါကွန်ပျူတာကတော့ လာမယ့် ရာသီမှာ ချယ်ဆီးတို့ အဆင့် ၄ ဝင်မှာ မဟုတ်ဘူးလို့ ဆိုထားပြီး မန်စီးတီးက ချန်ပီယံ၊ အာဆင်နယ်၊ လီဗာပူးနဲ့ မန်ယူတို့က နောက်မှာ အသီးသီး ရှိမယ်လို့ အဖြေထုတ်ထားခဲ့ပါတယ်။