
ရာသီသစ်အတွက် ချယ်ဆီးရဲ့ ရည်မှန်းချက်ဟာ ချန်ပီယံလိဂ် ဝင်ခွင့်လောက်တင် မဟုတ်ဘဲ ပရီးမီးယားလိဂ် ဖလားကို အရယူဖို့ဖြစ်တယ်လို့ နည်းပြပိုချက်တီနိုက ပြောလာပါတယ်။
ချယ်ဆီးအသင်းဟာ ဒီနေ့နံနက် အစောပိုင်းမှာ ဒေါ့မွန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ခဲ့ရာ ၁-၁ သရေ ကျခဲ့ပြီး ရာသီကြို ခြေစမ်းပွဲတွေမှာ ရှုံးပွဲ လုံးဝ မရှိသေးတဲ့ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ နည်းပြပိုချက်တီနိုက ရာသီကြိုဟာ ဖီလင်ကောင်းနေဖို့အတွက် ပြင်ဆင်မှု ကာလဖြစ်ပြီး အဲ့အတွက် ချယ်ဆီးအသင်းဟာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တယ်၊ ရာသီသစ်ကို ယှဉ်ပြိုင်ဖို့ အသင့်ပဲလို့ မှတ်ချက်ပေးခဲ့ပါတယ်။
သတင်းထောက် တစ်ဦးက ချယ်ဆီးဟာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်နိုင်မလား မေးခွန်းထုတ်ခဲ့သေးပြီး ပိုချက်တီနိုက အခုလို ယုံကြည်မှုရှိစွာ ဖြေကြားခဲ့ပါတယ်။
” ကျနော်တို့ ဖလား ယူနိုင်အောင် ကြိုးစားသွားမှာပါ။ ဒါက ရင်ထဲက မပါဘဲ လျှောက်ပြောနေတာ မဟုတ်ဘူး။ ချယ်ဆီးက ပရီးမီးယားလိဂ် ရအောင် ကြိုးစားသွားမှာ။ ဒါက ဖြစ်နိုင်လား မဖြစ်နိုင်လား ရာသီကုန်ရင် ခင်ဗျားတို့လည်း သိရမှာပဲ။ ” လို့ အာဂျင်တိုင်းသား နည်းပြကြီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းဟာ ရာသီအဖွင့်ပွဲအဖြစ် စတမ်းဖိုဒ့်ဘရစ်ချ်မှာ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။