ချယ်ဆီး ကြယ်ပွင့်ကို ဆက်ထားမလား အငှားချမလား ကိစ္စ ပိုချက်တီနို ပြောလာ

ချယ်ဆီးအသင်းဟာ တော့ဘိုးလီတို့ လက်ထက်မှာ ဝယ်ယူထားတဲ့ ကလပ်ရဲ့ ကြယ်ပွင့် ကစားသမားတွေရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချလိုက်ပြီ ဖြစ်ပါတယ်။

ဇန်နဝါရီမှာ ခေါ်ယူထားတဲ့ ဘရာဇီး ကွင်းလယ်လူ ဆန်းတိုစ့်ကို အငှားချသွားမှာ မဟုတ်ဘဲ လာမယ့်ရာသီ စီနီယာအသင်းမှာပဲ ဆက်ထားကာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကွင်းလယ်လူကို အငှားခေါ်လိုတဲ့ ကလပ်တွေ ရှိနေပါတယ်။

အသက် ၂၀ အရွယ် အီတလီ ကွင်းလယ်လူ ကာဆာဒီကိုတော့ လာမယ့်ရာသီ အငှားထပ်ချဦးမှာပါ။ ဆန်းတိုစ့်နဲ့ စျေးကွက် တစ်ခုတည်းမှာ ရောက်လာခဲ့တဲ့ သူ့ကို အင်္ဂလန်လိဂ်မှာ အသားကျဖို့အတွက် ရီးဒင်းအသင်းထံ ၆ လ အငှားချခဲ့သေးတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီရက်ပိုင်းကမှ ရန်းနက်စ်အသင်းကနေ ယူရို ၂၇ သန်းဖြင့် ခေါ်ယူလိုက်တဲ့ ကွင်းလယ် ကစားသမား လက်စ်လေ အူဂိုချူကူကိုတော့ အငှားချမှာ ဖြစ်တဲ့အကြောင်း နည်းပြပိုချက်တီနိုက ဖွင့်ဟပြောကြားလာပါတယ်။

အသက် ၁၉ နှစ်ရှိ အူဂိုချူကူဟာ ချယ်ဆီးအသင်းနဲ့ ၇ နှစ် စာချုပ် ချုပ်ဆိုထားပါတယ်။ သူဟာ ပက်ထရစ် ဗီအဲရာ လက်သစ်အဖြစ် နာမည်ကြီးနေသူဖြစ်ပြီး ရန်းနက်စ်အတွက် လီဂူးဝမ်း ပွဲ ၄၇ ပွဲကစားထားသလို ယူရိုပါလိဂ် အတွေ့အကြုံလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။