တစ်လအတွင်းမှာပဲ ချယ်ဆီးနဲ့ ပထမဆုံး ဆုဖလား ယူသွားတဲ့ နည်းပြ ပိုချက်တီနို

နနည်းပြ ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ဇူလိုင်လအစကမှ ချယ်ဆီး အသင်း လေ့ကျင့်ရေးကို စတင်ကိုင်တွယ်ကြီးကြပ်ခဲ့တာပါ။ အခုတော့ ဇူလိုင်လကုန်၊ တစ်လ အတွင်းမှာပဲ သူ့အသင်းသစ်ကို ပထမဆုံး ဆုဖလားယူပေးနိုင်ခဲ့ပါတယ်။

ပိုချက်တီနိုရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အမေရိကန်မှာ ကြီးမှုးကျင်းပတဲ့ ပရီးမီးယားလိဂ် နွေရာသီ စီးရီးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တာပါ။

ပထမဆုံးအကြိမ်ကျင်းပတဲ့ အဲဒီပြိုင်ပွဲမှာ ချယ်ဆီး အပါအဝင် အက်စတွန် ဗီလာ၊ နယူးကာဆယ်၊ ဘရိုက်တန်၊ ဖူလ်ဟမ်နဲ့ ဘရန့်ဖို့ဒ်တို့ ပရီးမီးယားလိဂ် ၆ သင်း ယှဉ်ပြိုင်ခဲ့ကြပါတယ်။

တစ်သင်းစီကို ၃ ပွဲစီကန်ရပြီး အမှတ်အများဆုံးအသင်းကို ချန်ပီယံဆုပေးတာပါ။ ချယ်ဆီး အသင်းဟာ တနင်္ဂနွေညက ဖူလ်ဟမ်နဲ့ပွဲမှာ သီယာဂိုဆေးလ်ဗား၊ အန်ကွန်ကူတို့ရဲ့ပထမပိုင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးနောက် စုစုပေါင်း ၇ မှတ်နဲ့ ဇယားထိပ်ဆုံးရပ်တည်နိုင်ခဲ့ပါတယ်။

အဲဒါကြောင့်လည်း ပွဲပြီးတော့ ချန်ပီယံဆုဖလားနဲ့ အသင်းလိုက် အောင်ပွဲခံနိုင်ခဲ့တာပါ။ တကယ့်ဆုဖလားတော့ မဟုတ်ပေမယ့် ဒီဖလားဟာ ချယ်ဆီး အတွက် အားတက်စရာ ရာသီကြိုအောင်မြင်မှု ဖြစ်ခဲ့ပါတယ်။

နောက်ခံလူ ရိစ် ဂျိမ်းစ်က တရားဝင် အသင်းခေါင်းဆောင် မဟုတ်သေးပေမယ့် အသင်းခေါင်းဆောင်အဖြစ် ဆုဖလားကို ကိုင်မြှောက်ခဲ့တာပါ။

နည်းပြ ပိုချက်တီနိုဟာ ရာသီသစ်မှာ ချယ်ဆီး အသင်း လမ်းကြောင်းမှန်ပေါ်ပြန်ရောက်အောင် ကြိုးပမ်းပေးရမှာ ဖြစ်ပါတယ်။