ပြောင်းရွှေ့ကြေး သဘောတူညီမှုရခဲ့လို့ ၂၄ နာရီအတွင်း ကွင်းလယ်လူသစ်ကို ဆေးစစ်မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ လီဂူးဝမ်းကလပ် ရီးနက်စ်အသင်း ကွင်းလယ်လူ အူဂိုချူကွာကို ယူရို ၂၇.၅ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီ ဖြစ်ပါတယ်။

လာမယ့် ၂၄ နာရီအတွင်း အသက် ၁၉ နှစ်အရွယ် ပြင်သစ်သား ကွင်းလယ်လူကို ဆေးစစ်ဖို့ ပြင်ဆင်ထားတယ်လို့ The Athletic က ဖော်ပြခဲ့တယ်။ ကွင်းလယ်လူဟာ ချယ်ဆီးနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှုလည်း ရထားခဲ့ပြီဖြစ်ကာ ကာလရှည် စာချုပ် လက်မှတ်ရေးထိုးမှာ ဖြစ်ပါတယ်။

ချယ်ဆီးဘက်က အူဂိုချူကွာကို စီနီယာအသင်းထံ တိုက်ရိုက် အသုံးပြုမလား ဒါမှမဟုတ် တစ်ရာသီ အငှားချမလားကိုတော့ အခုချိန်မှာ ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။ ပြင်သစ်သားဟာ ကွင်းလယ်အဖျက်နဲ့ ကွင်းလယ် အတွင်းလူနေရာတွေမှာ ကစားသူဖြစ်ပါတယ်။

ချယ်ဆီးကွင်းလယ်မှာ အန်ဇို၊ ဂါလယ်ဂါ၊ ကိုင်ဆာဒီ၊ ဆန်းတိုစ့်၊ ချူကွာမီကာတို့ပဲ ရှိထားကာ ရှိနေတဲ့ ဂါလယ်ဂါကို ပေါင် သန်း ၅၀ ဖြင့် ချယ်ဆီးတို့ ရောင်းချမှာဖြစ်ကာ ကိုင်ဆာဒီနဲ့ ဆန်းတိုစ့်တို့ကို အငှားချမှာပါ။ ချူကွာမီကာကတော့ မနှစ်ကထက် ပိုပြီး ပွဲကစားခွင့်ရလာနိုင်ပါတယ်။

ချယ်ဆီးအသင်းဟာ အန်ဇိုနဲ့ တွဲဘက်ပေးဖို့ ကိုင်ဆီဒိုကို ပေါင် သန်း ၈၀ ဖြင့် ချိတ်ဆက်နေပြီး ဆောက်သမ်တန်မှ လာဗီယာကိုလည်း ခေါ်ယူလိုနေပါတယ်။ ကွင်းလယ် လိုအပ်ချက်များနေတာမို့ အူဂိုချူကွာကို ပိုချက်တီနိုရဲ့ ပထမအသင်းအတွက် နေရာပေးတာလည်း ဖြစ်လာနိုင်ပါတယ်။