
နွေအပြောင်းအရွှေ့မှာ ကစားသမား ၁၃ ဦးထိ ရှင်းထုတ်မှုတွေ ပြုလုပ်ထားတဲ့နောက် ချယ်ဆီးအသင်းဟာ လူစာရင်း ဟန်ချက်မညီမှုတွေ ရှိလာနေပါတယ်။
ပိုချက်တီနိုက ” အချို့နေရာမှာ ကစားသမား အင်အားဖြည့်ဖို့ လိုနေပေမယ့် အချို့နေရာမှာ ကစားသမား ၄ ယောက်လောက်ထိ ရှိနေပါတယ်။ လူစာရင်းက ဟန်ချက်မညီပါဘူး။ ကျနော်တို့ ဟန်ချက်ညီတဲ့ လူစာရင်းဖြစ်လာအောင် တည်ဆောက်မှု လုပ်ဖို့ လိုအပ်ပါတယ် ” လို့ ပြောခဲ့ပါတယ်။
ပိုချက်တီနိုရဲ့ ပြောဆိုမှုအပေါ် အခြေခံပြီး Football London က ချယ်ဆီး လူစာရင်း အခြေအနေကို အခုလို ဖော်ပြလာခဲ့ပါတယ်။
ဂိုးသမား
ကီပါ၊ ဘာတင်နယ်လီ၊ စလိုနီနာနဲ့ လူငယ် ဂိုးသမားအချို့ ရှိနေပြီး ချယ်ဆီးက အရန်ဂိုးသမား တစ်ဦး ခေါ်ယူလိုရသေးသလို မှန်ကန်တဲ့ ဂိုးသမား ရှာမတွေ့လို့ မခေါ်ယူသေးရင်လည်း ရနေပါသေးတယ်။
အစွန်လူ
ညာခြမ်းမှာ ရိစ်ဂျိမ်းက အဓိက ပွဲထွက်ခွင့်ရမှာဖြစ်ကာ ကြံ့ခိုင်မှုပိုင်း ရုန်းကန်ထားရတဲ့ အင်္ဂလန်သားနဲ့ နေရာပြိုင်ဆိုင်ဖို့ ကစားသမားသစ် ဂတ်စတို ရှိပါတယ်။ ဘယ်ခြမ်းမှာတော့ ချီးဝဲလ်၊ ကူကူရယ်လာအပြင် လူငယ် ဘယ်အစွန်လူအချို့ ရှိနေပါသေးတယ်။ ဒါကြောင့် အစွန်ပိုင်းအတွက် နည်းပြပိုချက်တီနို အရမ်း အာရုံစိုက်နေဖို့ မလိုသေးပါဘူး။
ခံစစ်
ဖိုဖာနာ၊ သီယေဂို ဆေးဗား၊ လီဗီ ကိုးဝဲလ်၊ ဘတ်ဒီရာရှိုင်း၊ ချာလိုဘာနဲ့ ဆာတို့ရှိနေကာ ရာသီကြိုမှာ ဟမ်ဖရေစ်ကိုလည်း သုံးကြည့်ထားပါတယ်။ ဖိုဖာနာဟာ ကာလရှည် ဒဏ်ရာရနေခြင်း ဖြစ်တာနဲ့အတူ ချယ်ဆီးအသင်းက ဗဟိုခံစစ်မှူးသစ် သေချာပေါက် ခေါ်ယူဖို့ လိုအပ်နေပါတယ်။
ကွင်းလယ်
အန်ဇို၊ ဂါလယ်ဂါ၊ ကိုင်ဆာဒီ၊ ဆန်းတိုစ့်၊ ချူကွာမီကာတို့ ရှိနေတဲ့ ကွင်းလယ်မှာ အန်ဇိုက ပုံမှန်ပွဲထွက်ရမှာဖြစ်ပါတယ်။ ဂါလယ်ဂါကို ပေါင် သန်း ၅၀ ဖြင့် ချယ်ဆီးတို့ ရောင်းချမှာဖြစ်ကာ ကိုင်ဆာဒီနဲ့ ဆန်းတိုစ့်တို့ကို အငှားချမှာပါ။ ချူကွာမီကာကတော့ မနှစ်ကထက် ပိုပြီး ပွဲကစားခွင့်ရလာနိုင်ပါတယ်။
ချယ်ဆီးအသင်းဟာ အန်ဇိုနဲ့ တွဲဘက်ပေးဖို့ ကိုင်ဆီဒိုကို ပေါင် သန်း ၈၀ ဖြင့် ချိတ်ဆက်နေပြီး ဆောက်သမ်တန်မှ လာဗီယာကိုလည်း ခေါ်ယူလိုနေပါတယ်။
တိုက်စစ်အားသန် ကွင်းလယ်လူနဲ့ တောင်ပံ တိုက်စစ် နေရာတွေမှာတော့ မူဒရစ်၊ စတာလင်၊ မာဒူခီ၊ အန်ခူခူ၊ ဇီယက်ချ်၊ အိုဒွိုင်း၊ အန်ဂျလိုတို့ ရှိနေတာဖြစ်ပါတယ်။ အန်ဂျလိုကို အငှားချမှာဖြစ်ပြီး ဇီယက်ချ်နဲ့ အိုဒွိုင်းတို့ကတော့ ရောင်းချခံရမှာပါ။
တိုက်စစ်
နီကိုးလက်စ် ဂျက်ဆန်၊ လူကာကူ၊ ဘရိုဂျာတို့ရှိနေပြီး ဂျက်ဆန်ဟာ အထောင် တိုက်စစ်နေရာအတွက် ပိုချက်တီနို အဓိက အသုံးပြုမယ့်သူ ဖြစ်လာပါလိမ့်မယ်။