အမ်ဘာပေ ကို ချယ်ဆီး ခေါ်မှာလား ဆိုတာ တုန့်ပြန် အဖြေပေးလာတဲ့ နည်းပြ ပိုချက်တီနို

ချယ်ဆီးအသင်းအနေနဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး အမ်ဘာပေကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် နည်းပြ ပိုချက်တီနိုကတော့ အသင်းဟောင်းနဲ့ တပည့်ဟောင်းအပါ် သူ့အမြင်ကိုသာ ထုတ်ဖော် မှတ်ချက်ပြုခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ ပီအက်စ်ဂျီအသင်းရဲ့ ဂျပန်နဲ့တောင်ကိုရီးယား ရာသီကြိုခြေစမ်းပွဲခရီးကနေ အမ်ဘာပေအနေနဲ့ ချန်လှပ်ခံခဲ့ရပြီးနောက် ပြောင်းရွှေ့ဖို့ ချိတ်ဆက်နေတယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားမဟုတ်ရင်တောင် လီဂူးဝမ်းရဲ့အကောင်းဆုံး ကစားသမားဖြစ်ပေမယ့် ပီအက်စ်ဂျီ အသင်းဟာ ကစားသမားနဲ့ အဆင်မပြေမှုတွေကြား လာမယ့်နွေရာသီအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေး နဲ့ ရီးရဲလ်မက်ဒရစ်ကိုပြောင်းရွှေ့ဖို့ သဘောတူထားပြီးပြီလို့ ယုံကြည်တာကြောင့် ရာသီကြိုခြေစမ်းပွဲ လူစာရင်းကနေ ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အမ်ဘာပေကို အလွတ်နဲ့ လက်မလွှတ်ချင်တဲ့ ပီအက်စ်ဂျီအသင်းဟာ ဘာပေကို ရောင်းချရန် ကြိုးပမ်းနေပြီး ဆော်ဒီအာရေးဗီးယားထံမှ ပေါင်သန်း ၂၅၀ ကျော်တန်သော ကမ်းလှမ်းမှုကို လက်ခံရရှိထားကြောင်းသိရပါတယ်။

ပိုချက်တီနိုသည် ၎င်း၏အသင်းဟောင်း ပီအက်စ်ဂျီနှင့် ၎င်း၏ကစားသမားဟောင်း အမ်ဘာပေတို့ နှစ်ဖက်စလုံးအတွက် အကောင်းဆုံး အဖြေကို ရှာတွေ့မည်ဟု မျှော်လင့်ထားကြောင်းပြောခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ပြင်သစ်တိုက်စစ်မှူးကို ချဲလ်ဆီးက စိတ်ဝင်စားမှုနေသလားလို့ မေးမြန်းရာမှာ ပိုချက်တီနိုက

“အရင်တုန်းက ကျွန်တော် ပီအက်စ်ဂျီမှာ ရှိနေခဲ့ပြီး အမ်ဘာပေကို နည်းပြလုပ်ခဲ့တာကို သတိပြုမိဖို့လိုပါတယ်။ ခင်ဗျားတို့ပြောသမျှဟာ မလိုလားအပ်ပဲ ချဲ့ကားလွန်းတယ်။ ဒါဟာ အလွန်သိမ်မွေ့တဲ့ အခြေအနေတစ်ခုဖြစ်ပြီး အမ်ဘာပေဘက်ကလည်း ပဲရစ်မှာ ပြုပြင်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဘက်ကတော့ ပြောစရာမရှိပါဘူး။

ကျွန်တော်တို့သွားမယ့်လမ်းကို ဆက်လျှောက်နေပြီး သူများနဲ့ မတူကွဲပြားနိုင်တာတွေလည်းရှိလာနိုင်ပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားတွေနဲ့ ကျွန်တော့်ကို ထောက်ခံဖို့ပဲ ရှိတယ်။

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ရဲ့ ပြဿနာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံး အဖြေရှာတွေ့မယ်လို့ မျှော်လင့်ပါတယ်။ ပီအက်စ်ဂျီမှာကျွန်တော်က ကစားသမား၊ အသင်းခေါင်းဆောင်နဲ့ နည်းပြဖြစ်ခ့်ပြီး ကျွန်တော် နှစ်သက်တဲ့ အသင်းပါ”လို့ပြောကြားခဲ့ပါတယ်။

အမ်ဘာပေသည် ၂၀၁၇နှစ်တွင် မိုနာကိုမှ ပြောင်းရွှေ့လာပြီးနောက် ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၂၆၀ တွင် ၂၁၂ ဂိုး သွင်းယူပေးထားသူဖြစ်ပါတယ်။

အမ်ဘာပေက ပဲရစ်တွင် စာချုပ်သစ် ချုပ်ဆိုမည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တဲ့ ရလဒ်ကတော့ ပီအက်စ်ဂျီအနေနဲ့ ကမ္ဘာပေါ်ရှိတဲ့ အကောင်းဆုံး ကစားသမားများထဲမှ တစ်ဦးကို အလကား ဆုံးရှုံးခြင်းမှ ကာကွယ်ဖို့အတွက် သူ့ကိုရောင်းချဖို့ ကြိုးပမ်းလာတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဆော်ဒီကလပ် အယ်ဟီလယ်အသင်းဟာ အမ်ဘာပေအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၅၉ သန်းဖြင့် ကမ်းလှမ်းခဲ့ကြောင်းသိရပါတယ်။