တန်ဟက် အရမ်းလိုချင်နေတဲ့ ကစားသမား မရခဲ့ရင် ချယ်ဆီး ပစ်မှတ်ကို ပြောင်းလဲ ခေါ်ယူမယ့် မန်ယူ

မန်ချက်စတာ ယူနိုက်တက်ဟာ အတ္တလန်တာ တိုက်စစ်သမား ဟွိုင်လန်းအတွက် ပေါင် သန်း ၅၀ ဝန်းကျင် တန်ကြေးရှိ ကမ်းလှမ်းမှု တစ်ခုပေးပို့ထားပြီး ငြင်းဆန်ခံရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒိန်းမတ် ကြယ်ပွင့်ကို နည်းပြတန်ဟက်က အတော်လေး သဘောကျပေမယ့် ကလပ်နှစ်သင်းကြား ပြောင်းရွှေ့ကြေး ညိနှိုင်းရဖို့ ရှိနေပါတယ်။ အတ္တလန်တာဘက်က သူတို့ တိုက်စစ်သမားအတွက် ပေါင် ၈၆ သန်း ဝန်းကျင် မရနိုင်ပေမယ့်လို့ ပေါင် သန်း ၆၀ ထက် ပိုတဲ့ ပမာဏကို ရလိုနေတာပါ။

နည်းပြတန်ဟက်ကလည်း ဟွိုင်လန်းကို ခေါ်ယူနိုင်ခြင်း မရှိခဲ့ရင် သူ့တပည့်ဟောင်း ဖြစ်တဲ့ အေဂျက် တိုက်စစ်သမား ခူးဒက်စ်ကို ပြောင်းလဲ ချိတ်ဆက်ဖို့ ပြင်ဆင်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူကို ချယ်ဆီးတို့ ခေါ်ယူနိုင်မယ် သတင်းကြီးနေပြီး အာဆင်နယ်ကလည်း စောင့်ကြည့်နေပါတယ်။

ချယ်ဆီးဟာ ခူးဒက်စ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရထားတယ်လို့ သတင်းကြီးနေပေမယ့် အေဂျက်နဲ့တော့ အပြောင်းအရွှေ့ စကားပြောရခြင်း မရှိသေးပါဘူး။ နည်းပြပိုချက်တီနိုကတော့ တိုက်စစ်မှာ နေရာစုံ သုံးနိုင်မယ့် ဂါနာ လက်ရွေးစင်ကို ခေါ်ယူဖို့ အသင်းကို မီးစိမ်းပြထားပြီ ဖြစ်ပါတယ်။

ခူးဒက်စ်ကို ခေါ်ယူမယ်ဆိုရင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၄၀ ဝန်းကျင် ပေးရမယ်လို့လည်း သိထားရတာ ဖြစ်ပါတယ်။