လာမယ့်ရာသီ ချယ်ဆီးအသင်း ပြန်ပြီး အောင်မြင်မယ့် အကြောင်းရင်းကို ရိစ်ဂျိမ်း ထောက်ပြ

ချယ်ဆီး ညာအစွန်လူ ရိစ်ဂျိမ်းစ်က ကစားသမား အချို့ဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာ အသင်းအတွက် အပြည့်အဝ အားထုတ်ပေးဖို့ အာရုံစူးစိုက်မှု မရှိခဲ့ကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

တချို့ကစားသမားတွေဟာ အသင်းမှာ ဆက်နေလိုစိတ် မရှိခဲ့တာကြောင့် အသင်းရဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်အပေါ်မှာ မကောင်းတဲ့သက်ရောက်မှု ဖြစ်စေခဲ့တယ်လို့ ဂျိမ်းစ်က ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့တာပါ။ သူပြောတဲ့ ကစားသမားမျိုးဟာ အူဘာမီးယန်း၊ ကူလီဘာလေနဲ့ မန်ဒီတို့ကို ဆိုလိုခြင်း ဖြစ်ဟန်ရှိပါတယ်။

“ နည်းပြသစ်နဲ့ အဖွဲ့ဝင်သစ်တွေ ရောက်လာကတည်းက အင်အားတွေ ပြောင်းလဲသွားတယ်။ သိပ်ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်သွားပြီး ဒါကို ကျွန်တော်တို့ရဲ့ နောက်ပိုင်း ခြေစွမ်းမှာ မြင်နိုင်ပါတယ်။

ရာသီသစ်က သေချာပေါက် ခက်ခဲမှာပါ။ ပရီးမီးယားလိဂ်မှာ လွယ်တယ်ဆိုတာ မရှိဘူး။ မနှစ်ကဆိုရင် အခက်ခဲဆုံး အခြေအနေကို ကြုံခဲ့ရတယ်။ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တယ်။ တချို့ကစားသမားတွေက အသင်းမှာ ရှိမနေချင်ခဲ့ကြဘူး။ အဲ့ဒါက ခက်ခဲစေခဲ့တာပဲ။

အခုတော့ စာမျက်နှာအသစ်ကို လှန်လိုက်ပါပြီ။ လူတိုင်းက ရာသီသစ်စတင်ဖို့ မစောင့်နိုင်အောင်ဖြစ်နေပြီး စိတ်လှုပ်ရှားနေကြပါပြီ ” လို့ ဂျိမ်းစ်က ပြောပါတယ်။

ချယ်ဆီးဟာ ၂၀၂၂-၂၃ ရာသီအတွင်း ကြီးမာတဲ့ အပြောင်းအလဲတွေ ဖြစ်ခဲ့တာက အသင်းရဲ့ အလုံးစုံ စွမ်းဆောင်ရည်အပေါ် သက်ရောက်မှုရှိခဲ့ပါတယ်။

မနှစ်ကရာသီ ကျဆင်းမှုတွေရှိခဲ့တဲ့ ချယ်ဆီးကို ကိုင်တွယ်ဖို့ ပိုချက်တီနို ရောက်ရှိလာခဲ့ပါပြီ။ အာဂျင်တီးနားသား လက်ထက်မှာ ချယ်ဆီးဟာ ပိုပြီးအကောင်းမြင်စရာ ပတ်ဝန်းကျင်တစ်ခု အဖြစ် မွေးဖွားလာတော့မှာပဲ ဖြစ်ပါတယ်။