မန်စီးတီးထက် လက်ဦးမှုယူရေး ပထမအကြိမ် ကမ်းလှမ်းမှု စတင်လိုက်တဲ့ ချယ်ဆီး

ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ မန်စီးတီးတို့ဟာ ဒီစျေးကွက်မှာ အပြောင်းအရွှေ့ အတွက် ထိပ်တိုက်တွေ့မှု ဖြစ်လာဖွယ် ရှိပါတယ်။

ကလပ်နှစ်သင်းလုံးဟာ ပဲလေစ့်အသင်းမှ လူငယ် ကစားသမား အိုလစ်ကို ခေါ်ယူလိုနေတာပါ။ ဒါပေမယ့် ပရော်ဂျက်ကောင်း တင်ပြနိုင်မယ့် လက်သွက်တဲ့ ကလပ်ကပဲ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သားကို ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။

ထူးခြားမှုကတော့ အိုလစ်ဟာ ချယ်ဆီးအကယ်ဒမီမှာ ၇ နှစ်ကြာ နေသွားခဲ့သူဖြစ်ကာ မန်စီးတီး အကယ်ဒမီမှာ ၃ နှစ် ထပ်မံ ပညာသင်ယူခဲ့ပါတယ်။ အဲ့နောက်မှ သူက ရီးဒင်းအသင်းထံ ရောက်ရှိခဲ့ပြီး အဲ့ကတစ်ဆင့် ပဲလေစ့်ကို ပေါင် ၈ သန်းဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။

အာဆင်နယ်၊ လီဗာပူးနဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူလိုကြောင်း သတင်းထွက်ထားဖူးတဲ့ အိုလစ်ဟာ သူ့ရဲ့ တိုးတက်မှုအတွက် ပဲလေစ့်မှာ တစ်ရာသီ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။ မနှစ်ကရာသီမှာ အိုလစ်ဟာ ဂိုးထောက်ပံ့မှု ၁၁ ကြိမ်ထိ လုပ်နိုင်ခဲ့လို့ သူ့ရဲ့ အရည်အချင်းကို ထိပ်သီးကလပ်တွေ သတိပြုမိခဲ့ပါတယ်။

ကစားသမားနဲ့ ပဲလေစ့်ကြား စာချုပ်မှာ ပေါင် ၃၅ သန်းပေးရင် ခေါ်ယူနိုင်ခွင့် ပါဝင်ထားကြောင်း သတင်းထွက်ထားပေမယ့် အဆိုပါ စာချုပ်ဟာ ရီးဒင်းကနေ ရောက်လာကတည်းက ပျက်ပြယ်ခဲ့ပြီလို့လည်း သိရပါတယ်။

ချယ်ဆီးကတော့ အကယ်ဒမီ ကစားသမားဟောင်းကို လက်မှတ်ထိုးနိုင်ဖို့ ပေါင် ၃၉ သန်းဖြင့် ချိတ်ဆက်ထားကြောင်း သိရပါတယ်။