
ချယ်ဆီးအသင်းဟာ ဒီနေ့ ဘရိုက်တန်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင် ကစားခဲ့ရာ ၄-၃ နဲ့ အနိုင်ရခဲ့ပါတယ်။ ဘရိုက်တန် အသင်းဟာ မိနစ် ၆၀ မှာ ဗန်ဟက်ကာ နှစ်ဝါ တစ်နီနဲ့ ထုတ်ခံရလို့ လက်ကျန်ပွဲချိန်တွေကို တစ်ယောက်လျော့နဲ့ ကစားသွားခဲ့ပါတယ်။
ချယ်ဆီး က ဒီနေ့ပွဲ မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကောလ်ဝီလ်၊ ဂူစတိုနဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒရေး ဆန်တို့စ်၊ ဂါလာဂါ၊ ချူကွယ်မီကာ၊ စတာလင်နဲ့ မတ်ဆန်တို့ကို စုဖွဲ့ပေးခဲ့သလို တိုက်စစ်မှာတော့ အန်ကွန်ကူးကို အထောင်ထားလာခဲ့ပါတယ်။
ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ ဗန်ဟက်ကာ၊ ဝက်ဘ်စတာ၊ ဂရော့စ်နဲ့ ဟင်ရှယ်လ်ဝုဒ်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဒါဟွတ်ဒ်၊ ဂီးလ်မိုး၊ ဆော်လီ မာ့ချ်၊ မီတိုမာနဲ့ လယ်လာနာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ်ကို တင်ကစားခဲ့တာပါ။
ပွဲချိန် ၁၃ မိနစ်မှာ မီတိုမာရဲ့ ခေါင်းတိုက်ဖန်တီးမှုကို ဝဲလ်ဘက်ခ်က အနီးကပ် ပိတ်သွင်းပြီး ဘရိုက်တန်တို့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၁၉ မိနစ်မှာတော့ ချူကွယ်မီကာရဲ့ ကန်ချက် လူထိ ထွက်လာတာကို အန်ကွန်ကူးက ဂိုးသမားရှေ့ကနေ ပိတ်သွင်းနိုင်ခဲ့လို့ ပထမပိုင်းမှာတော့ တစ်ဂိုးစီသရေဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချယ်ဆီး ဘက်က ချေးလ်ဝဲလ်၊ သီယာဂို ဆေးလ်ဗား၊ မတ်ဆန်နဲ့ ချူကွယ်မီကာတို့အစား ကူကူရဲလား၊ ချာလိုဘာ၊ ကာဆာဒေးနဲ့ မူဒရစ်ခ်တို့ ဝင်လာခဲ့ကြပြီး ပွဲချိန် မိနစ် ၆၀ မှာတော့ ဘရိုက်တန် ဗဟိုခံစစ်မှူး ဗန်ဟက်ကာ နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ကြရတာပါ။
ပွဲချိန် ၆၅ မိနစ်မှာ အန်ကွန်ကူးအစား ဝင်လာတဲ့ ဂျက်ခ်ဆန်ရဲ့ ဖန်တီးမှုကနေ မူဒရစ်ခ်က အပြင်းကန်ချက်နဲ့ ဦးဆောင်ဂိုး ထပ်သွင်းခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာတော့ ဘရိုက်တန်နောက်ခံလူတွေရဲ့ ညံ့ဖျင်းမှုကနေ ဂါလာဂါက အနီးကပ်ကန်သွင်းသွားခဲ့ပြီး ပွဲချိန် ၇၆ မိနစ်မှာ ဂျက်ခ်ဆန်က လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဘရိုက်တန်တို့ကို ချယ်ဆီး သုံးဂိုးဆက်တိုက် သွင်းယူသွားခဲ့ပါတယ်။
ပွဲချိန် ၇၉ မိနစ်မှာတော့ လူစားဝင်လာတဲ့ ဂျာအို ပက်ဒရိုက ပင်နယ်တီကနေ တစ်ဂိုးပြန်သွင်းခဲ့သလို ပွဲချိန် ၈၉ မိနစ်မှာတော့ လူစားဝင်တိုက်စစ်မှူး အွန်ဒက်ဗ်က ချယ်ဆီး နောက်ခံလူတွေကြားကနေ အနီးကပ် ကန်ချက်နဲ့ တစ်ဂိုးထပ် ချေပနိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ လေးဂိုး-သုံးဂိုးနဲ့ ချယ်ဆီး တို့ အနိုင်ရရှိသွားခဲ့ပါတယ်။