ကစားသမား ၂ ဦး ထွက်ခွင့်ပေးကာ ခေါ်ယူမှုကြီး ၁ ခု ပြန်လုပ်တော့မယ့် ချယ်ဆီး

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ ကိစ္စတွေ စီမံနေဆဲ ဖြစ်ကာ ဒီအပတ်ထဲမှာတင် ကစားသမား ၃ ဦးနဲ့ ပတ်သက်လို့ ညိနှိုင်းစကားပြောမှုတွေ လုပ်နေပြီ ဖြစ်ပါတယ်။

ပိုချက်တီနိုရဲ့ ၂၉ ဦးပါ လူစာရင်းမှာတော့ အသက် ၂၂ နှစ်အရွယ် အမ်ပါဒူလည်း ပါဝင်ပါတယ်။ ဒါပေမယ့်လို့ ချန်ပီယံလိဂ်ကလပ် လိစ်ဒ်ယူနိုက်တက်က သူ့ကို ခေါ်ယူရေး ချိတ်ဆက်လာခြင်းကြောင့် အပြောင်းအရွှေ့ အပြီးသတ်နိုင်ရေး နေရစ်တော့မှာ ဖြစ်ပါတယ်။

ချယ်ဆီးမှာ စာချုပ် ၁ နှစ်ပဲကျန်တဲ့ ဝေလ်းလက်ရွေးစင်ကို ပရီးမီးယားလိဂ်၊ အီတလီနဲ့ စပိန်တို့ကလည်း စိတ်ဝင်စားပေမယ့်လို့ လိစ်ဒ်ယူနိုက်တက်က ကနဦး ပေါင် ၇ သန်း ထပ်တိုးကြေး ပေါင် ၃ သန်းဖြင့် သဘောတူညီမှု ရတော့မှာပါ။ ကမ်းလှမ်းမှုမှာတော့ ပြန်လည် ရောင်းချရာမှာ အကျိုးခံစားခွင့် ပါဝင်ပါဦးမယ်။

ဒါ့အပြင် အသက် ၃၄ နှစ်အရွယ် တိုက်စစ်မှူး အူဘာမီယန်ကိုလည်း ပြင်သစ်ကလပ် မာဆေးအသင်းထံ ပေါင် ၅ သန်းဖြင့် ထွက်ခွင့်ပေးဖို့ စကားပြောနေပြီ ဖြစ်ပါတယ်။ ဒီရောင်းချမှုတွေ ပြီးရင် ချယ်ဆီးရဲ့ ကစားသမား ရှင်းထုတ်မှုက ရတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၂၄၀ ဝန်းကျင် ရှိလာပါမယ်။

ဒီအပတ်ထဲမှာပဲ ချယ်ဆီးအသင်းဟာ ကိုင်ဆီဒိုအတွက် ကနဦး ပြောင်းရွှေ့ကြေး ပေါင် သန်း ၇၀ အပြင် ထပ်တိုးကြေးတွေ ပါဝင်တဲ့ ကမ်းလှမ်းမှုသစ်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။