
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် စျေးတိုးပေးထားတဲ့ ဒုတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပေမယ့် ပယ်ချခံခဲ့ရပြန်ပြီ ဖြစ်ပါတယ်။
ချယ်ဆီးဘက်က ပေါင် သန်း ၆၀ ဖြင့် စတင်လာခဲ့တာဖြစ်ပြီး ဒုတိယအကြိမ် ကမ်းလှမ်းမှုဟာ ပေါင် သန်း ၇၀ + ထပ်တိုးကြေး ပါဝင်ခဲ့တာပါ။ ဒါပေမယ့် ဘရိုက်တန်ကတော့ ပေါင် သန်း ၁၀၀ ထိ လိုချင်တာကြောင့် ချယ်ဆီးတို့ နောက်ဆုံး ကမ်းလှမ်းထားတဲ့ ပမာဏကိုလည်း လက်ခံသွားမှာ မဟုတ်ပါဘူး။
ရာသီသစ် မစခင် ကစားသမားသစ်တွေ အမြန်ရဖို့ကို အလျင်လိုနေတဲ့ ပိုချက်တီနိုက ‘ မှန်ကန်တဲ့ ကစားသမားတွေ အသင်းကို ရောက်လာပြီး လူစာရင်းကို ပိုတောင့်တင်းလာတာမျိုး ဖြစ်စေချင်ပါတယ်။ တတ်နိုင်သလောက် အပြောင်းအရွှေ့ အမြန်ဆုံး ဖြစ်တာက နောက်ကျတာထက် ပိုကောင်းပါတယ်။
ကျနော်တို့ ပစ်မှတ်ထားနေတဲ့ ကစားသမားတွေနဲ့ အလုပ်အတူ တွဲလုပ်ရဖို့ လိုပါတယ်။ သူတို့ကို ခပ်မြန်မြန်ရဖို့က ခက်ခဲမှာပါ။ ဘာပဲဖြစ်ဖြစ် လူစာရင်းကောင်း တည်ဆောက်နိုင်မယ်၊ ပရီးမီးယားလိဂ်မှာ ပါဝင် ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေမယ် လို့ ယုံကြည်နေဆဲပါ ’ လို့ ပြောဆိုခဲ့တယ်။
ချယ်ဆီး တာဝန်ရှိသူတွေကတော့ ကိုင်ဆီဒိုအတွက် နောက်ဆုတ်သွားမှာ မဟုတ်ဘဲ ပေါင် သန်း ၈၀ အပြင် ထပ်တိုးကြေး ပါမယ့် နောက်ထပ် ကမ်းလှမ်းမှု ပြုလုပ်မယ့် အကြောင်း တုန့်ပြန်ထားတယ်လို့ ဒေးလီးမေလ်းက ဖော်ပြသွားပါတယ်။