ချယ်ဆီးဆိုတာ အချဉ် မဟုတ်ဘူး အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အသင်းလို့ ပိုချက်တီနို သတိပေး

လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းရဲ့ မန်နေဂျာဟောင်း ပိုချက်တီနိုက ချယ်ဆီးအသင်း နည်းပြတာဝန်ကို ရယူဖို့ဟာ သူ့အတွက် လွယ်ကူလွန်းခဲ့ပါတယ်လို့ ထုတ်ပြောသွားပါတယ်။

တနင်္လာနေ့တုန်းက ကိုဟမ်လေ့ကျင့်ရေးမှာ ချယ်ဆီးနည်းပြအဖြစ် ပိုချက်တီနိုရဲ့ ပထမဆုံး အင်တာဗျူးကို ကြားသိခဲ့ရတာပါ။ လန်ဒန်မှာ ၅ နှစ်ခွဲကြာ ပြိုင်ဘက် ကလပ်အဖြစ် ရင်ဆိုင်ဖူးတဲ့ ချယ်ဆီးအပေါ် ပိုချက်ရဲ့ အထင်ကြီးမှုကလည်း ပေါ့သေးသေး မဟုတ်ပါဘူး။

ပိုချက်က ‘ ချယ်ဆီးဘောလုံးအသင်းကို တာဝန်ယူခွင့်ရတာက ကျနော်အတွက် ဂုဏ်ယူစရာနဲ့ ကျေနပ်စရာဖြစ်ပါတယ်။ ဘောလုံးကမ္ဘာထဲမှာ အကြီးကျယ်ဆုံး ကလပ်တွေထဲက တစ်သင်းဆိုတာကို ကျနော်တို့ ကောင်းကောင်းသိပါတယ်။ ဒီတော့ ဒီကို ပြောင်းလာဖို့ ဆုံးဖြတ်ရတာ လွယ်ကူခဲ့ပါတယ်။ ကလပ်ကို အောင်မြင်မှုတွေထံ တစ်ကျော့ပြန် သယ်ဆောင်ပေးလိုပါတယ် ’ လို့ ပြောပါတယ်။

အမှတ်ပေးဖလား အောင်မြင်မှုနဲ့ နှစ်အနည်းငယ် ဝေးကွာလာသည့်တိုင် ချယ်ဆီက ဘယ်လိုအသင်းလဲဆိုတာကို အာဂျင်တီးနားသားကြီးက ကောင်းကောင်းသိပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်အတွင်း အင်္ဂလန်မှာ ချယ်ဆီးလောက် အောင်မြင်မှု ကြီးမားတဲ့ အသင်း မရှိပါဘူး။

‘ ကုန်ခဲ့တဲ့ ၁၅ နှစ်လောက်မှာ ချယ်ဆီးက အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းပါ။ ဒါကို ကျနော်တို့ အားလုံး သိကြပါတယ်။ ကျနော် ပရီးမီးယားလိဂ်အကြောင်း သိသလို၊ ချယ်ဆီးအကြောင်းနဲ့ ချယ်ဆီးရဲ့ ယဉ်ကျေးမှုကို သိထားပါတယ် ’ လို့ ပိုချက်က ဆက်ပြောခဲ့တာ ဖြစ်ပါတယ်။

ဒီနွေမှာ ချယ်ဆီးအသင်းက ပြန်လည်စုဖွဲ့မှုတွေ အများကြီး လုပ်ဆောင်နေပြီး လမ်းကြောင်းမှန်ပေါ် ပြန်တင်ရေး ပိုချက်က ကြိုးစားပေးရမှာပဲ ဖြစ်ပါတယ်။