ရာသီသိမ်း ဆုတွေ ပိုက်သွားသူများ၊ ကလော့ပ် ကြုံးဝါးချက်၊ ဒီဘရိုင်းနဲ့ ဂရေးလစ်ချ် မသေချာတဲ့ ပွဲနဲ့ နံနက်ခင်း ဘောလုံး သတင်းများ

မန်ယူအသင်းနဲ့ ကစားမယ့် အက်ဖ်အေဖိုင်နယ်ပွဲစဉ်မှာ မန်စီးတီး ကွင်းလယ်လူ ဒီဘရိုင်းနဲ့ ဂရေးလစ်ချ်တို့ ပါဝင်လာနိုင်ဖို့ မသေချာသေးကြောင်း သတင်းရရှိပါတယ်။

မနေ့က ပရီးမီးယားလိဂ် ရာသီပိတ်ပွဲ အပြီးမှာ မန်စီးတီးအသင်း တိုက်စစ်မှူး ဟာလန်းတစ်ယောက် ရွှေဖိနပ်ဆုကို တရားဝင် သိမ်းပိုက်လက်ခံရယူခဲ့ပြီး ဒီဂီယာက ရွှေလက်အိပ်ဆု ရရှိခဲ့ကာ ဒီဘရိုင်းကတော့ Playmaker ဆု ရရှိခဲ့ပါတယ်။

လက်ရှိရာသီကို ယူရိုပါလိဂ် ဝင်ခွင့်နဲ့သာ ကျေနပ်ခဲ့ရတဲ့ လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ ၎င်းတို့အသင်းဟာ လာမယ့်ရာသီ ပရီးမီးယားလိဂ်ကို စိန်ခေါ်နိုင်မယ့် အသင်းဖြစ်ကြောင်း ကြိုတင် ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ နာမည်ကြီး မန်စီးတီးတို့ ဘရန်းဖို့ဒ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ရပြီး အက်စ်တွန်ဗီလာကတော့ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရခဲ့တာကြောင့် လာမယ့်ရာသီ ဥရောပကွန်းဖရန့်လိဂ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။

တော့တင်ဟမ် စပါးအသင်းကို ၁-၄ နဲ့ ရှုံးနိမ့်ပြီး တန်းဆင်းသွားခဲ့ရတာကြောင့် လိဒ်အသင်းနည်းပြ ဆမ်အလာဒိုက်စ်က ပရိသတ်တွေကို တောင်းပန်သွားခဲ့ပါတယ်။

ဖူဟမ်အသင်း တောင်ပံတိုက်စစ်ကစားသမား ဝီလီယံကတော့ အသင်းမှာ ဆက်နေချင်နေပေမယ့် အသင်းဘက်က ဝီလီယံကို စာချုပ်သစ် ကမ်းလှမ်းခြင်း မရှိသေးကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်မှာ ဆက်လက် ရှင်သန်ခွင့်ရရှိခဲ့တဲ့ အဲဗာတန်နည်းပြ ဒိုက်ချီကတော့ လာမယ့်ရာသီအတွက် အကောင်းဆုံး ပြင်ဆင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ စီစဉ်ထားကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

ဘိုလော့ဒ်နာနဲ့ ၂-၂ သရေကျခဲ့တဲ့ နာပိုလီအသင်းရဲ့ နည်းပြဖြစ်သူ စပယ်လက်တီတစ်ယောက် အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်လာနေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

လာလီဂါ ပွဲစဉ်တွေမှာ ရီးရဲလ်ဆိုစီဒက်စ်က အက်သလက်တီကို မက်ဒရစ် ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ရပေမယ့် ဗယ်လီကာနိုကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ဗီလာရီးရဲလ်ရဲ့ အနေအထားကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အပိုင်သိမ်းနိုင်ခဲ့ပါတယ်။

စီးရီးအေမှာတော့ အေစီမီလန်အသင်းက ဂျူဗင်တပ်အသင်းကို ဝ-၁ နဲ့ အနိုင်ရခဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် ရရှိသွားခဲ့ပြီး ဂျူဗင်တပ်ကတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေတာကြောင့် ရာသီပိတ် ပွဲစဉ် အူဒီးနိစ်နဲ့ ပွဲကို အာရုံစိုက် ကစားမှသာ ယူရိုပါလိဂ် ဝင်ခွင့်ကို မျှော်လင့်နိုင်မှာ ဖြစ်ပါတယ်။