ချယ်ဆီးအသင်းဟာ နွေစျေးကွက် မဖွင့်သေးချိန်မှာပဲ အင်္ဂလန် ပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ကို အသားစီရပြီး ကစားသမား ခေါ်ယူမှု တစ်ခု ပြီးမြောက်ခဲ့ပါပြီ။
ပြီးခဲ့တဲ့လ ပေါ်တာကို ရာထူးက ထုတ်ပယ်တဲ့ ရက်မှာပဲ ချယ်ဆီးက အီကွေဒေါ ဆယ်ကျော်သက်လေးဖြစ်တဲ့ ကန်ဒရီ ပါရက်ဇ်ကို ခေါ်ယူရေး သဘောတူညီမှု ရခဲ့တာပါ။ ဒါပေမယ့်လို့ ဒီအပတ်မှ ကွင်းလယ်လူကို ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။
အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ကြယ်ပွင့်လေးဟာ ပိုချက်တီနို မတိုင်ခင် ချယ်ဆီးရဲ့ လက်မှတ်ထိုးမှု ဖြစ်လာပါလိမ့်မယ်။ ပိုချက်တီနို ကိုယ်တိုင်ကလည်း လာမယ့်ရာသီ ချယ်ဆီးအသင်းကို တာဝန်ယူပေးဖို့ကို သဘောတူညီထားပြီး လိုအပ်တဲ့ အပြီးသတ် ကိစ္စတွေကို လုပ်ဆောင်နေပါပြီ။
ပါရက်ဇ်ကို ခေါ်ယူရေး ယူနိုက်တက်အပြင် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ကလည်း အလေးအနက် အလိုရှိခဲ့တာပါ။ ဒေါ့မွန်ဘက်က ကွင်းလယ်လူကို သူ့သက်တမ်းထဲမှာ အကောင်းဆုံးတွေထဲက တစ်ဦးအဖြစ် ယုံကြည်ထားတာ ဖြစ်ပါတယ်။
ချယ်ဆီးတို့ ပါရက်ဇ်ကို ခေါ်ယူထားပေမယ့် သူ့အသက် ၁၈ နှစ်ပြည့်မှ ၂၀၂၅ ခုနှစ် မေလ မတိုင်ခင်ထိတော့ တရားဝင် ကစားသမား ဖြစ်လာဦးမှာ မဟုတ်ပါဘူး။ တိုက်စစ်အားသန် ကွင်းလယ်လူဟာ ယူ-၂၀ ကမ္ဘာ့ဖလားကိုလည်း ပါဝင် ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ပါရက်ဇ်ဟာ ယူ-၂၀ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ကစားသမားတွေထဲ အသက်အငယ်ဆုံး ဖြစ်လာသလို အဆိုပါ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ ချယ်ဆီးရဲ့ (၇) ဦးမြောက် အသင်းသားလည်း ဖြစ်လာနေခဲ့ပါပြီ။