အဝေးကွင်း နိုင်ပွဲရပြီး ချန်ပီယံလိဂ် ဝင်ခွင့် သေချာလာတဲ့ မန်ယူအသင်းနဲ့ ဆု တစ်ခု ရသွားတဲ့ ဒီဂီယာ

ဒီစနေည ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ ဘုန်းမောက်နဲ့ မန်ချက်စတာ ယူနိုက်တက်တို့ တွေ့ဆုံခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် အတွက် မဖြစ်မနေ အနိုင်ရဖို့ လိုအပ်နေတဲ့ မန်ယူက အဝေးကွင်းမှာ တော်တော်လေးအားထည့်ကစားကာ ၁-၀ နဲ့ နိုင်ပွဲ ရသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ပွဲစကတည်းက တိုက်စစ်ကို အသားပေးကစားခဲ့ပီး ၉ မိနစ်မှာပဲ ကက်ဆီမီရိုရဲ့ လှပတဲ့ ကန်သွင်းချက်နဲ့အတူ ဦးဆောင်ဂိုး ရသွားခဲ့ပါတယ်။

အဲရစ်ဆန်ကန်တင်ပေးတာကို ဘုန်းမောက်နောက်ခံလူတားဆီးရာမှာ ခံစစ်မှူးတွေကြားက ပြေးထွက်ခဲ့တဲ့ ကက်ဆီမီရိုအတွက် ဖန်တီးပေးသလို ဖြစ်ခဲ့ပြီး နောက်ပြန်ကန်ချက်နဲ့ လှလှပပ ကန်သွင်းသွားခဲ့တာပါ။ ယူနိုက်တက်တို့ ဒီနောက်မှာ အခွင့်အရေးတွေ ရခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့လို့ နစ်နာခဲ့ရပြီး ဘုန်းမောက်ကတော့ အိမ်ကွင်းမှာပဲ ရုန်းကန်ကစားနေခဲ့ရပါတယ်။

အမှတ်မလိုတော့ပေမယ့် ဘုန်းမောက်ကလည်း အိမ်ကွင်းမှာ အရှုံးမပေးရဖို့ကို တော်တော်လေးအားထုတ်ခဲ့ပြီး သူတို့ရဲ့ တိုက်စစ်ဆင်ပုံတွေက ယူနိုက်တက်အတွက်လည်း အန္တရာယ်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗာရန်းနဲ့ လင်ဒီလော့ဖ်တို့ ခံစစ်အတွဲက အမှားအယွင်းနည်းခဲ့ပြီး ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ကာ ယူနိုက်တက်ခံစစ်က အရင်ပွဲတွေထက်စာရင် ပိုပြီးတော့ ကျစ်လစ်နေခဲ့ပါတယ်။

ယူနိုက်တက်အတွက်တော့ ဒေါင်ဒေါင်မြည်တိုက်စစ်မှူးတဦး လိုအပ်နေပြီဆိုတာကို ပိုပိုသိလာရပြီး ပွဲကို အပြတ်ဖြတ်ပေးဖို့ အတွက် ဂိုးတွေ သွင်းပေးမယ့်သူ မရှိတာကြောင့် သူတို့ရုန်းကန်နေရတာပါ။

ဒီပွဲမှာလည်း ဦးဆောင်ဂိုးရထားပေမယ့် ဘုန်းမောက်က တိုက်စစ်မြှင့်လာချိန်မှာ မနည်းထိန်းချုပ်နေခဲ့ရပါတယ်။ ခံစစ်ပိုင်း ကောင်းနေလို့သာ ခံသာခဲ့ပြီး သူတို့ရဲ့ ပွဲကို အပြတ်ဖြတ်နိုင်စွမ်း အားနည်းချက်က အရမ်းထင်ရှားနေခဲ့ပါတယ်။

ဒုတိယပိုင်းပွဲချိန်တော်တော်များများမှာ ယူနိုက်တက်တို့ ကစားအားကျသွားခဲ့ပြီး ခံစစ်ကိုပဲ အားပြုသွားခဲ့ရပါတယ်။ အရင်ပွဲတွေက ပဲ ရင်တမမနဲ့ နိုင်ပွဲရသွားတာဖြစ်ပြီး ကက်ဆီမီရိုရဲ့ သွင်းဂိုးတဂိုးတည်းနဲ့ အဖိုးတန် ၃ မှတ် ရရှိသွားကာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ သေချာသထက် သေချာခဲ့ပါပြီ။

ဒီပွဲ အပြီးမှာ ဂိုးသမား ဒီဂီယာ ကလည်း ပရီးမီးယားလိဂ် ရွှေ လက်အိတ် ဆု ကို တရားဝင် ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။