ပိုချက်တီနို ခေတ်မှာ ချယ်ဆီးအသင်း တောက်ပလာမလား ကြိုတင် ခန့်မှန်းလိုက်တဲ့ ဂယ်ရီနဗီး

ချယ်ဆီးအသင်းဟာ မန်နေဂျာသစ်အဖြစ် ပိုချက်တီနိုနဲ့ ဆွေးနွေးမှုတွေ အကောင်းဆုံး အခြေအနေမှာ ရှိနေပြီဖြစ်ကာ မကြာခင်မှာ တရားဝင် ကြေညာမှုတွေ ပြုလုပ်မှာပါ။

သတင်းကြီးတွေ ထွက်နေရာမှာတော့ ချယ်ဆီးဟာ ပိုချက်တီနိုကို ကာလရှည် စာချုပ်ကြီး မဟုတ်ဘဲ ပုံမှန် နည်းပြတွေအတိုင်း ၃ နှစ်စာချုပ် ပေးအပ်မယ်လို့ သိရတယ်။ ဒါဟာ ပေါ်တာကို ပေးခဲ့တဲ့ စာချုပ်ရဲ့ ထက်ဝက် သက်တမ်းပဲ ရှိတာ ဖြစ်ပါတယ်။

တော့ဘိုလီတို့ ချယ်ဆီးကို ပိုင်ဆိုင်ပြီးတဲ့နောက် လေးဆက်မြောက် ဒါမှမဟုတ် တတိယမြောက် အမြဲတမ်း မန်နေဂျာဖြစ်လာမယ့်သူအတွက် ရင်ဆိုင်ရမယ့် ပြဿနာ များစွာက စောင့်ကြိုနေမှာပါ။ ပိုချက်တီနိုဟာ လန်ဒန်ကလပ်ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးနိုင်မယ့်သူလို့ ဂယ်ရီနဗီးက ထောက်ခံ ဆွေးနွေးခဲ့ပါတယ်။

ဂယ်ရီနဗီးက ‘ ပိုချက်တီနိုကို ကျနော် သဘောတွေ့ပါတယ်။ ချယ်ဆီးတို့ ပိုချက်တီနိုကို မန်နေဂျာအဖြစ် တာဝန်ပေးပြီး လူစာရင်းကို နည်းနည်းလေး မွန်းမံလိုက်မယ်ဆိုရင် နောက်ရာသီမှာ သူတို့ ဘောလုံးရာသီကောင်း တစ်ခုကို ပိုင်ဆိုင်နိုင်ပါတယ်။

ချယ်ဆီးမှာ တောက်ပမယ့် အလားအလာတွေ ရှိမယ်လို့ မယူဆပါဘဲ ပိုချက်တီနိုက မန်နေဂျာရာထူး လက်ခံမယ့်သူ မဟုတ်ပါဘူး။ ချယ်ဆီးကို ထိပ်ဆုံးအဆင့်တွေထံ ပြန်ပို့နိုင်မယ်လို့ သူလည်း ယူဆထားမှာပါ။

စပါးအသင်းမှာ သူလုပ်ပြခဲ့ပြီးပါပြီ။ ချယ်ဆီးမှာတော့ အခြေအနေက မတူညီဘူးပေါ့လေ။ သူ့ကို ခပ်စောစောမှာ ခန့်အပ်ပြီး ရာသီကြို မတိုင်ခင်မှာ နေရာချက်ခြင်း ပေးဖို့ လိုအပ်ပါတယ်။

ပိုချက်တီနိုကို လက်မှတ်ထိုးလိုက်တာက သိပ်ကောင်းတဲ့ ခေါ်ယူမှုဖြစ်မယ်လို့ ကျနော် ထင်မိတယ်။ ဒီအခွင့်အရေးကို ချယ်ဆီးတို့ လုံးဝ လက်မလွတ်သင့်ပါဘူး။ ပိုချက်က ချယ်ဆီးကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးမယ့်သူပါ ’ လို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ လာမယ့်ရာသီ ဥရောပဝင်ခွင့် မရတော့မှာမို့ လူစာရင်းကို ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ပြန်လည် တည်ဆောက်ပြီး ပြည်တွင်းလိဂ်ကို အာရုံစိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။