လီဗာပူးပိုင်ရှင် ဂျွန်ဟင်နရီ လန်ဒန်ကို ရောက်နေပြီး ဆွေးနွေးစကားပြောမှု လုပ်ခဲ့ကြောင်း ကလော့ပ် ထုတ်ဖော်

ယာဂင်ကလောပ့်က ၁၂ လအတွင်း ပထမဆုံးအကြိမ်အဖြစ် လီဗာပူးပွဲကို တက်ရောက် အားပေးတဲ့ အသင်းပိုင်ရှင် ဂျွန်ဟင်နရီနဲ့ စကားပြောမှု လုပ်ခဲ့ကြောင်း ဝက်စ်ဟမ်းပွဲမှာ ထုတ်ပြောလာပါတယ်။

ဟင်နရီဟာ လီဗာပူးအသင်း အမှုဆောင်ချုပ် ဘီလီဟိုဂန်နဲ့အတူ ပွဲကြည့်စင်ကနေ အားပေးခဲ့ကာ ဒါဟာ မနှစ်က ဩဂုတ်လမှာ ဘုန်းမောက်ကို ရင်ဆိုင်ကစားတဲ့ ပွဲကို တက်ရောက် ကြည့်ရှုခဲ့ပြီးနောက် ပထမဆုံးအကြိမ် ကလော့ပ်ရဲ့ အသင်းကို လာရောက် အားပေးခြင်း ဖြစ်ပါတယ်။

လီဗာပူးပရိသတ်တွေက ဒီနွေမှာ ကလော့ပ်အတွက် အသုံးစရိတ်ကြီးဖြင့် ထောက်ပံ့ပေးဖို့ ပိုင်ရှင်အဖွဲ့ကို ပြင်းထန်စွာ တောင်းဆိုနေကြတာဖြစ်တယ်။ အသင်းရဲ့ ကွင်းလယ်မှာ ထွက်ခွာမယ့် ကစားသမား ၄ ဦးလောက် ရှိနေခြင်းနဲ့အတူ ကြီးကြီးမားမား အားဖြည့်ဖို့ လိုအပ်နေချိန် ဖြစ်ပါတယ်။

ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကို မခေါ်နိုင်ခြင်းကို ပရိသတ်တွေက နားလည်ပေးထားပေမယ့် ဒီနွေမှာ အနည်းဆုံး ကွင်းလယ်လူ ၃ ဦးနဲ့ အသုံးစရိတ် ပေါင် သန်း ၂၀၀ လောက် မထုတ်ဘဲတော့ အန်ဖီးပရိသတ်တွေရဲ့ စိတ်ကျေနပ်မှုကို ရရှိဖွယ် လမ်းမမြင်ပါဘူး။

ကလော့ပ်ကတော့ လန်ဒန်မှာ ဟင်နရီနဲ့ တွေ့ဆုံခဲ့ကြောင်းကို “ ကျနော်တို့ ဆွေးနွေးစကားပြောမှု လုပ်ထားပြီးပါပြီ။ မနေ့ညက ဟိုတယ်မှာ ကျနော်တို့တွေ တွေ့ဆုံခဲ့ကြပါတယ်။ စကားပြောမှု တစ်ကြိမ် လုပ်ထားတယ်။ သူ အင်္ဂလန်ကို ရောက်လာမှာကို ကျနော် ကြိုသိထားပါတယ် ” လို့ ထုတ်ပြောခဲ့ပါတယ်။

မေလအကုန်မှာ ပရီးမီးယားလိဂ် ဘောလုံးရာသီ ရပ်နားမှာဖြစ်ပြီး လီဗာပူးရဲ့ ရာသီကြိုက နောက်ထပ် ၁ လောက်အကြာ ဇူလိုင်လ အစမှာ ပြန်လည် စတင်မှာပါ။ အဆိုပါ စတင်ရက် နောက်ဆုံးထားပြီး ကစားသမားသစ် ခေါ်ယူရေး အပြီးသတ်ဖို့ ကလော့ပ်က တောင်းဆိုထားတာ ဖြစ်ပါတယ်။