ဒီသီတင်းပတ်တွေအတွင်း လီဗာပူးပရိသတ်တွေရဲ့ ရင်ထဲကို ထိုးဖောက်လာနေတဲ့ ကစားသမားကတော့ ဇန်နဝါရီကမှ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဂက်ပိုပဲ ဖြစ်ပါတယ်။
မနက်ကပွဲမှာ ခြေပဂိုး ရယူပေးခဲ့တဲ့ ဂက်ပိုဟာ လီဗာပူးကို ပြောင်းလာပြီးတဲ့နောက် ပရီးမီးယားလိဂ် သွင်းဂိုး ၆ ဂိုးထိ ရရှိသွားပါပြီ။ ဘယ်တောင်ပံသမားအဖြစ် ပရိသတ်တွေသိကြတဲ့ နယ်သာလန်သားဟာ ကလော့ပ်ရဲ့ စနစ်မှာတော့ ဘော်ဘီရဲ့ နေရာကို ခပ်မြန်မြန်ပဲ ဆက်ခံလာခဲ့တာပါ။
ဝက်စ်ဟမ်းနဲ့ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေက အသင်းစနစ်မှာ အသားကျလာတဲ့ ဂက်ပိုရဲ့ အနေအထားကို အတော်လေး အသိအမှတ် ပြုခဲ့ကြတယ်။ တချို့ကဆိုရင် ဂက်ပိုထံကနေ ဂီနီနဲ့ ဘော်ဘီတို့ ပေါင်းစပ်ထားတဲ့ လှုပ်ရှားမှု၊ လုပ်အားနှုန်း၊ ပါးနပ်မှုတွေကို မြင်တွေ့ရတယ်လို့ ထောက်ပြလာခဲ့ပါတယ်။
ဂက်ပိုဟာ တိုက်စစ်မှာ ဘော်ဘီရဲ့ နောက်ဆုံးဘော ပေးမှုလို မလုပ်နိုင်သေးပေမယ့်လို့ ဘယ်လို ဘောလုံးပေးရမယ် မြင်နိုင်စွမ်းရှိပြီး အကျဉ်းအကျပ် အနေအထားမှာ ဘောလုံးကို ယုံကြည်မှုရှိရှိ အသုံးချနိုင်ခြင်းဟာ အဆိုးမြင်စရာတွေ ပြည့်နေတဲ့ ဒီရာသီမှာ မျှော်လင့်ချက် ပန်းတစ်ပွင့် ပွင့်လန်းလာခဲ့သလိုပဲလို့ တင်စားလာကြပါတယ်။
ဂက်ပိုကို သွင်းဂိုးအတွက်တင် မဟုတ်ဘဲ အသင်းကစားကွက်ကို တိုက်စစ်မှာ ဆွဲတင်ပေးနိုင်ခြင်းနဲ့ ခံစစ်အတွက် ပထမဆုံး ခုခံကာကွယ်သူ လုပ်ပေးနိုင်ပြီး သူ့အတွက် ပေးရတဲ့ ပြောင်းရွှေ့ကြေးက သိပ်တန်လွန်းပါတယ်လို့ပါ ချီးကျူးနေခဲ့ကြပါတယ်။
ပွဲအပြီးမှာ ဂက်ပိုကိုယ်တိုင်ကတော့ ” ဒီညက အရေးကြီးတဲ့ ညတစ်ခုပါပဲ။ နိုင်ပွဲတွေ ဆက်တိုက် ရယူလာနိုင်တာ ကောင်းပါတယ်။ အသင်းတစ်သင်း အနေနဲ့ ကျနော်တို့ ခက်ခဲစွာ ကြိုးစား ရှာဖွေထားရတာပါ။
ကျနော်တို့ တည်ငြိမ်ခဲ့တယ်။ ဒီညမှာ ကောင်းကောင်းကစားခဲ့တယ်။ ကျနော်ကလည်း ဒီမှာ အထိုင်ကျလာနေပြီး ပျော်ရွှင်နေပါတယ်။ ရလဒ်က အကူအညီဖြစ်တာပေါ့ဗျာ။ ကျနော်တို့ ဆက်ကြိုးစားပြီး ဆက်လက် နိုင်ပွဲရယူနေကြရအောင်ပါ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။