ရာသီကြို အစီအစဉ်တွေကို အတိအကျ ချပြပြီး လီဗာပူး အသင်းသားတွေအား ကလော့ပ် ပြင်းထန်စွာ သတိပေး

လီဗာပူးအသင်းဟာ ထပ်ပြီးတော့ ပြိုင်ဘက်တွေရဲ့အနောက်မှာ ကျန်နေခဲ့လို့ မရဘူး ဆိုတဲ့ သတိပေးစကားနဲ့အတူ နည်းပြကလော့ပ်ဟာ ရာသီကြိုအတွက် တိကျစေ့စပ်တဲ့ ပလန်တွေနဲ့အတူ နွေအပြောင်းအရွှေ့အတွက် အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။

ကလော့ပ်က ဇူလိုင် ၈ ရက်မှာ အပြောင်းအရွှေ့ကိစ္စတွေ အပြီးသတ်ချင်ကြောင်းကို ဝက်စ်ဟမ်း ပွဲကြိုမှာ သတိပေးခဲ့တယ်။ ရာသီကြို အစမှာတင် အသင်းသားသစ်တွေနဲ့ လေ့ကျင့်ချိန်ရပြီး အသင်းမှာ ခပ်မြန်မြန် အထိုင်ကျအောင်လုပ်ဖို့ အပေါ်မှာ အာရုံစိုက်ထားချင်တာ ဖြစ်ပါတယ်။

တူညီတဲ့ရက်မှာပဲ လီဗာပူး ကစားသမားတွေဟာ နောက်ရာသီအတွက် ရာသီကြို ပြင်ဆင်ဖို့ အသင်းထံ လာရောက် ပူးပေါင်းရမှာ ဖြစ်ပါတယ်။

“ ဒီနှစ်က အရင်နဲ့ မတူဘူး။ ကျွန်တော်တို့ အရှိန်တင်ရမယ်။ ရာသီကြိုမှာ ပြင်ဆင်ရမယ်။ ဒါကြောင့် တတ်နိုင်သလောက် အသင်းသားတွေကို အမြန်ဆုံး ပြန်စုစေချင်တာ။ သူတို့လိုအပ်တဲ့ နားရက်လည်း အလုံအလောက် ပေးပြီးတော့ပေါ့လေ။

နားဖို့လိုတာ ကျွန်တော် နားလည်ပါတယ်။ ဖြစ်နိုင်ရင် အကြာကြီး ပေးနားချင်တာပေါ့။ ဒါပေမယ့် ဒီနှစ်အတွက် ကျွန်တော်တို့ တတ်နိုင်သလောက် မြန်မြန် လူပြန်စုပြီး ပြင်ဆင်ရမယ်။ နောက်ရာသီက အရာအားလုံးထက် အရေးကြီးလို့ပါ ” လို့ ကလောပ့်က ပြောပါတယ်။

အသင်းဟာ ရာသီကြို ပြင်ဆင်မှုအဖြစ် ဂျာမနီမှာ လေ့ကျင့်ရေးစခန်း လုပ်ပြီးတော့ ထရိန်နင် စဝင်သွားမှာဖြစ်ကာ အမြန်ဆုံး အသင်းသားသစ်တွေနဲ့ အထိုင်ကျအောင်လုပ်ဖို့ အာရုံစိုက်သွားမှာပါ။ ဒါ့အပြင် ဇူလိုင်လ ၁၉ ရက်နေ့မှာ ဘွန်ဒက်လီဂါ ၂ ကလပ် Karlsruher SC နဲ့ ခြေစမ်းပွဲ ကစားဖို့ စတင်ညိနှိုင်းနေပါပြီ။

ဒီရာသီမှာ ကျဆင်းမှုတွေနဲ့အတူ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ကို လွဲချော်ဖို့ သေချာသလောက် ရှိနေပြီး ကလော့ပ်ကတော့ အရှုံးတွေမှာ အသင်းသားတွေ နေသားမကျဖို့ ပြင်းထန်တဲ့ တွန်းအားတွေ ပေးသွားတော့မှာ ဖြစ်ပါတယ်။