
နည်းပြကလော့ပ်ဟာ လီဗာပူးရဲ့ လက်ရှိ အခြေအနေအရ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်ရေး နောက်ဆုတ်တဲ့ သဘော ပြောဆိုပေမယ့် ဒါဟာ အပြီးတိုင် ဆုတ်ခွာခြင်း မဟုတ်ဘူးလို့ ဂျာမာန်သတင်းထောက် Christian Falk က ထုတ်ပြောလာပါတယ်။
အပြောင်းအရွှေ့ နည်းဗျူဟာပိုင်းအရ လူအချို့ ကိုင်စွဲလာတဲ့ အယူအဆမှာတော့ လီဗာပူးအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် မရေရာတဲ့ အခြေအနေကို ရင်ဆိုင်နေရတယ်။ ဒါကြောင့် ဒီကနေ့ ရာသီကုန်ထိ လက်ကျန်ပွဲစဉ်တွေကို အနိုင်ရအောင် ကြိုးစားပြီး အမှတ်ပေးဇယား ရပ်တည်မှု ဘယ်လောက်မှာ ရှိနိုင်မလဲကို ကြည့်ရမှာဖြစ်တယ်။
ရာသီကုန်မှ နွေမှာ ဘယ်လို ကစားသမားကို ခေါ်မလဲဆိုတာ ဆုံးဖြတ်ဖို့ရှိကာ ဘယ်လင်ဟမ်အတွက် စျေးချပေးမှာကို စောင့်နေတာလို့ ဆိုထားကြတယ်။
Falk ကိုယ်တိုင်ကလည်း ” လီဗာပူးက အပြီးတိုင် နောက်ဆုတ်တာလို့ မမြင်ပါဘူး။ ဘယ်လင်ဟမ်က ဒေါ့မွန်မှာ တစ်နှစ်ထပ်နေနိုင်တာက လီဗာပူးအတွက် သတင်းဆိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် သတင်းကောင်းက လီဗာပူးအသင်းဟာ လုံးဝကြီး နောက်ဆုတ်သွားတာ မဟုတ်ဘူးလို့ ကျနော် ကြားထားရတယ်။ သူတို့ အခွင့်အရေး ရနိုင်ဖို့ မျှော်လင့်နေပါတယ်။
သူတို့ နောက်ဆုတ်ထားတာက ဒီအပြောင်းအရွှေ့ ကိစ္စက သိပ်ကို စျေးကြီးနေတယ် သူတို့ ထင်တာကြောင့်ပါ။ ဒါပေမယ့် ဒီအခြေအနေမှ ဘယ်အသင်းမှ ဘယ်လင်ဟမ်ရဲ့ တန်ကြေးကို လိုလိုလားလား ပေးဖို့ ဝင်လာတာ မရှိသေးပါဘူး။ ဒါက လီဗာပူးအတွက် အကူအညီဖြစ်ပါတယ်။
ယာဂင်ကလော့ပ်ရဲ့ သူငယ်ချင်းဖြစ်ပြီး သူ့ရဲ့ ကိုယ်စားလှယ်ဖြစ်တဲ့ စလာဗန် စတန်နစ်ဟာ လက်ရှိမှာ ဒေါ့မွန် အားကစားဒါရိုက်တာ ဆီဘက်ရှန်ခါးလ်ရဲ့ ညာလက်ရုံး ဖြစ်လာဖို့ နီးစပ်နေပါတယ်။ ကလော့ပ် လိုချင်တဲ့ ဘယ်လင်ဟမ်အတွက် သူက နှစ်ဖွဲ့ကြား ညိနှိုင်းပေးမှာပါ။ ဒီတော့ လုံးဝ မဖြစ်နိုင်တာ မဟုတ်ပါဘူး။
လီဗာပူးက ပြန်ဝင်လာဖို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တစ်သင်းသင်းက ဘယ်လင်ဟမ်အတွက် ယူရို သန်း ၁၅၀ ပေးမယ်ဆိုရင် လီဗာပူး လုံးဝ ပါမှာ မဟုတ်ပါဘူး။ ကလော့ပ်က ဘယ်လင်ဟမ်ကို ရဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ပြောနေပေမယ့် သူပြောတာ မယုံပါနဲ့ သူက ဘယ်လင်ဟမ်ကို ရလိုနေဆဲပါ ” လို့ ရေးသားသွားပါတယ်။