ထိပ်ဆုံး ၄ သင်း မျှော်လင့်ချက်၊ ဖာမင်နို ကိစ္စ မရေရာသေးခြင်း၊ မာနေး ထွက်ရတဲ့ အကြောင်းရင်းနဲ့ လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ချယ်ဆီး ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို ချိတ်ဆက်မှု လုပ်ဖို့ စတင် စီစဉ်နေပြီ ဖြစ်ပါတယ်။

ဂျာမာန် သတင်းထောက်တွေကတော့ ကလော့ပ်က ဘယ်လင်ဟမ်ကို ခေါ်ယူရေး မဖြစ်နိုင်တော့ပါဘူးလို့ ထုတ်ပြောနေပေမယ့် ဆယ်ကျော်သက် ကွင်းလယ်လူကို ရရေး စိတ်မကုန်သေးဘူးလို့ ဆိုပါတယ်။

လီဗာပူးက ဘယ်လင်ဟမ်ကို မခေါ်နိုင်ဘူးလို့ ထုတ်ပြောတာဟာ ဘောလုံးဆိုင်ရာ နိုင်ငံရေးပဲဖြစ်တယ်လို့ နယူးကာဆယ် တိုက်စစ်မှူး ဝဲလ်ဆန်က ဆိုပါတယ်။ ဒါက လီဗာပူးအသင်းဟာ သူတို့ ပေါင် သန်း ၁၃၀ ထိ မတတ်နိုင်ကြောင်းနဲ့ တရားဝင် ထုတ်ပြန်တာဖြစ်ပြီး အပြောင်းအရွှေ့ ဖြစ်ရေး ဒေါ့မွန်ဘက်က လိုက်လျော့မှုတွေ လုပ်ပေးရမှာမျိုးလို့ သူကဆိုပါတယ်။

ထရန့်ကို ကွင်းလယ်ထဲ ဝင်ကစားခွင့်ပေးဖို့ ရော်ဘတ်ဆန်ဟာ သူ့ရဲ့ တိုက်စစ်လိုက်ပါခွင့်ကို ဆုံးရှုံးခံထားရတာကို ကလော့ပ်က ဝန်ခံပါတယ်။ အစွန်လူ နှစ်ဦးလုံးကိုတော့ တိုက်စစ်အတွက် မသုံးနိုင်ကြောင်းနဲ့ ကစားဟန် အပြောင်းအလဲ ရှိတယ်လို့ နည်းပြက ထုတ်ဖော်ခဲ့တာပါ။

မနေ့ကပွဲမှာ သွင်းဂိုး ၁ ဂိုးရခဲ့တာကြောင့် မိုဆာလာဟာ လီဗာပူးသမိုင်းမှာ ဂိုးသွင်း အများဆုံး တိုက်စစ်မှူး ၁၀ ဦးစာရင်းအတွင်း နံပါတ် ၆ နေရာကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။

ရာသီကုန်ရင် လီဗာပူးအသင်း အဆင့် ၆ ထဲ ဝင်မလားဆိုတာ မပြောနိုင်သေးဘဲ ကစားရမယ့် ပွဲစဉ်တွေ အားလုံးအတွက်ပဲ အာရုံစိုက်ပါမယ်လို့ ဂျိုတာက ထုတ်ဖော်ပါတယ်။

မာနေးက မိုဆာလာကို စာချုပ်သစ်ပေးဖို့ လီဗာပူးဘက်က စိတ်ဆန္ဒ ပြင်းပြမှုလို တုန့်ပြန်မှုမျိုး သူ့အပေါ်မှာ မရှိတာကြောင့် အသင်းပြောင်းဖို့ စိတ်ပိုင်းဖြတ်ခဲ့တာလို့ သတင်းထောက် Neil Jones က ဖော်ပြပါတယ်။

လီဗာပူး လူငယ်ကြယ်ပွင့် ဗန်ဒုတ်ဟာ ဒီရာသီ အတောက်ပဆုံး ဥရောပ လူငယ်ချန်ပီယံလိဂ် ကစားသမားများစာရင်းမှာ ပါဝင်လာခဲ့ပါတယ်။

ဘရိုက်တန်မှ ပေါင် သန်း ၆၀ ပေးရမယ့် မက်အယ်လစ္စတာကို ခေါ်ယူနိုင်ရေး လီဗာပူးက အာဆင်နယ်၊ မန်ယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ပြင်ထားပါတယ်။

နယူးကာဆယ်ဂိုးသမား နစ်ပုပ်က ပရီးမီးယားလိဂ်မှာ သူစောင့်ကြည့်ရဖို့ သဘောအကျဆုံး ဂိုးသမားက လီဗာပူးဂိုးသမား အယ်လီဆန်ဖြစ်တယ်လို့ ထုတ်ပြောပါတယ်။

ဖာမင်နိုနဲ့ ဘာစီလိုနာကြား သဘောတူညီမှု ရရှိတယ်ဆိုတဲ့ သတင်းတွေက မမှန်ပါဘူးလို့ ရိုမန်နိုက ထုတ်ပြောပါတယ်။