နည်းပြကလော့ပ်ဟာ အဝတ်လဲခန်းထဲက ကိစ္စတွေ အပြင်ထွက်လာတာကို မကြိုက်တဲ့သူ တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့်လို့ ထူးထူးဆန်းဆန်း အနေနဲ့ ဖောရက်စ်ပွဲမှာ ဒုတိယပိုင်း မစခင် အဝတ်လဲခန်းအတွင်း အသင်းသားတွေကို သူ မှာကြားမှုကို ထုတ်ပြောလာခဲ့ပါတယ်။
ကလော့ပ်ကတော့ ခံစစ်ကို ပိတ်ကစားခြင်းကို ရင်ဆိုင်ရတာ ပွဲပေါင်း ရာဂဏန်းလောက် ရှိနေတာမို့ တိုက်စစ်ဆင်ရာမှာ ပိုမို ပြတ်သားစွာ လုပ်ဆောင်ကြဖို့ အဓိက တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲအပြီးမှာ ကလော့ပ်က ” ဖောရက်စ်က ကျနော်တို့ အခက်တွေ့အောင် အတော်လေး လုပ်နိုင်ခဲ့ပါတယ်။ ပွဲစကတည်းကပါပဲ။ သူတို့ရဲ့ လက်မြောက်ဘောတွေကလည်း တကယ် ဒုက္ခပေးပါတယ်။ ပထမပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ၈၆% ထိ ရထားတာက သိပ်ထူးဆန်းတယ်၊ ပိုလည်း ခက်ခဲသွားပါတယ်။
ကျနော်တို့ ကြိုးစားခဲ့ရပြီး ပထမဂိုးရလိုက်တာက အကူအညီဖြစ်ခဲ့တယ်။ နှစ်ကြိမ်တောင် ဦးဆောင်ဂိုးတွေ ထပ်သွင်းခဲ့ရပြီး ဂိုးတွေကလည်း ကောင်းပါတယ်။ ဒါပေမယ့် ပွဲကို ပိုကောင်းကောင်း ထိန်းချုပ်နိုင်သင့်တာပါ။ မြင်ချင်တဲ့ အရာတွေကို မြင်လိုက်ရတာအတွက် ပျော်ပါတယ်။ ဂိုးမရခဲ့ရင် ဖောရက်စ်က ခံစစ်ကို ပိတ်ထားတော့မှာပါ။
သိပ်ကောင်းတဲ့ ကောင်တာ- ဖိအားပေးတွေ မြင်ခဲ့တယ်။ နေရာအတော်များများမှာ ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာ ကောင်လေးတွေကို ဒီလိုပွဲမျိုး မင်းတို့ ငါတို့ ကြုံနေရတာ အကြိမ် ၁၀၀ လောက် ရှိနေပြီ။ အဆုံးအဖြတ်ပေးမယ့် အခိုက်အတန့်တွေကို တိုက်ခိုက်နိုင်ရမယ်။ ဧရိယာထဲမှာ ကြိုးစားနိုင်ရမယ်ဆိုပြီး မှာခဲ့ရပါတယ်။
ရပါတယ်၊ အဆင်ပြေပါတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ပြီး ကြိုးစားနိုင်ရမယ်။ ဝက်စ်ဟမ်းနဲ့ပွဲက ခက်ခဲဦးမှာပဲ။ ကျနော်တို့ အဲ့ပွဲအတွက် အဆင်သင့် ဖြစ်နေရပါမယ်။ ” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ထိပ်ဆုံး ၆ သင်းထဲ ဝင်နိုင်ရေး မျှော်လင့်ချက်တွေ ပြန်တောက်ပလာနေပြီဖြစ်ပေမယ့် လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကတော့ အခုချိန်ထိ အသင်းရဲ့ လက်ထဲမှာ ရှိမနေသေးတာ ဖြစ်ပါတယ်။